Genesis 11
11:1 မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍၊
11:2 အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။
11:3 သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကိုလည်းကောင်းရပြီးလျှင်၊
11:4 လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
11:5 ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။
11:6 ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
11:7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
11:8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။
11:9 သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။
11:10 ရှေမ၏သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တစ်ရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာသော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
11:11 အာဖာဇဒ်ဖွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။
11:12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကိုမြင်လေ၏။
11:13 ရှာလဖွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကိုမြင်လေ၏။
11:15 ဟေဗာဖွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:16 ဟေဗာသည် အသက်သုံးဆယ်လေးနှစ်ရှိသော်၊ သားဖာလက်ကိုမြင်လေ၏။
11:17 ဖာလက်ဖွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကိုမြင်လေ၏။
11:19 ရာဂေါဖွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကိုဖွားမြင်လေ၏။
11:20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကိုမြင်လေ၏။
11:21 စေရောက်ဖွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာခေါ်ကိုမြင်လေ၏။
11:23 နာခေါ်ဖွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:24 နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကိုမြင်လေ၏။
11:25 တေရဖွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တစ်ရာတစ်ဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
11:26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
11:27 တေရ၏သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
11:28 ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမီ၊ မိမိဖွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌သေလေ၏။
11:29 အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
11:30 စာရဲမူကား၊ မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ။
11:31 တေရသည် သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်းကောင်း၊ သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲကိုလည်းကောင်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှာ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍နေကြ၏။
11:32 တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌သေလေ၏။