Genesis 39
39:1 ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။
39:2 ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။
39:3 သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။
39:4 ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။
39:5 ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။
39:6 သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတစ်ပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
39:7 ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။
39:8 ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။
39:9 ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။
39:10 ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။
39:11 တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊
39:12 သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။
39:13 ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊
39:14 အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။
39:15 ကျယ်ကျယ်အော်ဟစ်သံကိုကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊
39:16 သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။
39:17 သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှာဝင်လာပါ၏။
39:18 ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။
39:19 ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊
39:20 ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။
39:21 သို့သော်လည်း ထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံမျက်နှာရစေတော်မူ၏။
39:22 သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။
39:23 ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။