1 Kings 11
11:1 ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကိုချစ်တတ်၏။
11:2 ထာဝရဘုရားက၊ သင်တို့သည် တစ်ပါးအမျိုးသားတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
11:3 မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကိုလွဲစေကြ၏။
11:4 ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသော ဘုရားနောက်သို့လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းမရှိ။
11:5 ဇိဒုန်နတ်သမီး အာရှတရက်၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံနောက်သို့ လိုက်၍၊
11:6 ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကို ပြုလေ၏။
11:7 ထိုအခါ ရှောလမုန်သည် ရွံရှာဖွယ်သော မောဘဘုရားခေမုရှနှင့် ရွံရှာဖွယ်သော အမ္မုန်ဘုရားမောလုတ်အဖို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကိုတည်လေ၏။
11:8 မိမိတို့ဘုရားအားနံ့သာပေါင်းကိုမီးရှို့၍၊ ယဇ်ပူဇော်သော တစ်ပါးအမျိုးသား ခင်ပွန်းအပေါင်းတို့အဖို့ ထိုသို့ပြု၏။
11:9 အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
11:10 ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက်တော်မူလျက်၊
11:11 သင်သည် ဤသို့ပြု၍ ငါဖွဲ့သောပဋိညာဉ်နှင့် ငါမှာထားသောတရားကို မစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နုတ်၍ သင့်ကျွန်အား ပေးမည်။
11:12 သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏သားလက်မှ နိုင်ငံတော်ကိုနုတ်မည်။
11:13 သို့သော်လည်း တစ်နိုင်ငံလုံးကိုမနုတ်။ ငါ့ကျွန်ဒါဝိဒ်နှင့် ငါရွေးကောက်သော ယေရုရှလင်မြို့ကိုထောက်၍၊ သင့်သားအား ခရိုင်တစ်ခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
11:14 ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုး ဖြစ်၏။
11:15 အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ရှိ၍၊ ဗိုလ်ချုပ်ယွာဘသည် ဧဒုံအမျိုးသား ယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေခြင်းငှာ သွားစဉ်အခါ၊
11:17 ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန် ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
11:18 မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့ ရောက်လေ၏။ တစ်ဖန် ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်းသည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
11:19 ဖာရောဘုရင်သည် ဟာဒဒ်ကိုအလွန်ချစ်၍ မိမိခင်ပွန်း မိဖုရားတာပနက်၏ညီမကိုပေးစား၏။
11:20 တာပနက်၏ညီမသည် သားဂေနုဗက်ကို ဖွားမြင်၍၊ တာပနက်သည် နန်းတော်၌နို့ခွာသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
11:21 ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
11:22 ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟု မေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
11:23 ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူသည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
11:24 လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံသောအခါ ဗိုလ်ချုပ်လုပ်လေ၏။ တစ်ဖန်ဒမာသက်မြို့သို့သွား၍ မင်းပြုလျက်နေ၏၊
11:25 ဟာဒဒ်နှောင့်ယှက်သော အမှုမှတစ်ပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကိုအစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
11:26 ထိုမှတစ်ပါး ရှောလမုန်၏ ကျွန်တစ်ယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှင်ဘုရင်ကိုပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုဆိုးမတည်း။
11:27 ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ်၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
11:28 ယေရောဗောင်သည် ခွန်အားကြီးသော သူရဲဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်းကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက်ရသော အမှုရှိသမျှကို အုပ်စေခြင်းငှာ ခန့်ထားတော်မူ၏။
11:29 တစ်ရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သားအဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရောဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
11:30 အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကိုကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
11:31 ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
11:32 ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တစ်ခရိုင်ကို ယူရ၏။
11:33 ဆယ်ခရိုင်ကို နုတ်ရသောအကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ ငါ့လမ်းတို့သို့မလိုက်။
11:34 သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှငါမနုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့်ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တစ်သက်လုံးစိုးစံစေခြင်းငှာ ငါအခွင့်ပေး၏။
11:35 ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကိုနုတ်၍ ဆယ်ခရိုင်ကို သင့်အားငါပေးမည်။
11:36 ငါ့နာမတည်ရာဖို့ ငါရွေးကောက်သောယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှာ၊ ရှောလမုန်သားအား တစ်ခရိုင်ကိုငါပေး၏။
11:37 သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှာ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြုရ၏။
11:38 သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဖို့ မြဲမြံသောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဖို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
11:39 ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ယှက်မည်။ သို့ရာတွင် အစဉ်နှောင့်ယှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
11:40 ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရှက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ၏။
11:41 ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထားလျက်ရှိ၏။
11:42 ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
11:43 ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။