Job 39
39:1 သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်းဝေဒနာ ခံရသောအချိန်ကို မှတ်နိုင်သလော။
39:2 ကိုယ်ဝန်ဆောင်ရသော နေ့လတို့ကိုရေတွက်၍၊ ဖွားရသော အချိန်ကာလကို သိသလော။
39:3 သူတို့သည် ကျောကိုင်း၍ သားငယ်ကိုမွေးဖွားသဖြင့် ဝေဒနာငြိမ်းကြ၏။
39:4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွားတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
39:5 တောမြည်းကို အဆီးအတားမရှိစေခြင်းငှာ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
39:6 တောကို သူ့အိမ်ဖို့လည်းကောင်း၊ လွင်ပြင်ကို သူ့နေရာဖို့လည်းကောင်း ငါခန့်ထားပြီ။
39:7 မြို့၌ဖြစ်သော လူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူ အော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
39:8 တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင် အမျိုးမျိုးကို ရှာတတ်၏။
39:9 ကြံ့သည် သင်၏အမှုကို ဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှာ အလိုရှိလိမ့်မည်လော။
39:10 ကြံ့ကို ထွန်ကြောင်းသို့ လိုက်စေခြင်းငှာ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ် သင့်နောက်သို့လိုက်၍ ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
39:11 ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည်လော။ သင်လုပ်ရသောအလုပ်ကို သူ၌အပ်မည်လော။
39:12 သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
39:13 ကုလားအုတ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
39:14 သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
39:15 သူ့ခြေသည် အဥတို့ကိုနင်းမိမည်၊ သားရဲခွဲလိမ့်မည်ဟု မစိုးရိမ်။
39:16 သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာပြုတတ်၏။ စိုးရိမ်ခြင်း မရှိ။ သားဖွားခြင်းဝေဒနာကို အချည်းနှီးခံတတ်၏။
39:17 အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့စေခြင်းငှာ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကို ပေးတော်မမူ။
39:18 သို့သော်လည်း ကိုယ်ကိုချီကြွသောအခါ၊ မြင်းနှင့် မြင်းစီးသောသူကိုပင် ရယ်တတ်၏။
39:19 သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုးကြိုးလက္ခဏာကို သွင်းသလော။
39:20 ကျိုင်းကောင်ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဖွယ်ဖြစ်၏။
39:21 လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကိုတွေ့အံ့သောငှာ သွားတတ်၏။
39:22 ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက်လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ဓားဘေးကို မရှောင်တတ်။
39:23 သူ့တစ်ဖက်၌ မြားတောင့်လှုပ်သံမြည်၍၊ လှံနှင့်ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
39:24 မာနကြီး၍ ပြင်းထန်သောစိတ်နှင့် မြေကိုမျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာမနေနိုင်။
39:25 တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟု ဆိုတတ်၏။ ဗိုလ်ခြေအော်ဟစ်၍ အသံဗလံပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
39:26 သင်ပေးသောဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကိုဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ်သလော။
39:27 သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
39:28 သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
39:29 ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
39:30 သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။