Leviticus 11
11:1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊
11:2 သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊
11:3 ခွာကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။
11:4 သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်သည်စားမြုံ့ပြန်သော်လည်း ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။
11:5 ရှာဖန်သည်စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။
11:6 အာရနဘက်သည်စားမြုံ့ပြန်သော်လည်း ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။
11:7 ဝက်သည်ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။
11:8 ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။
11:9 ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။
11:10 အယက်နှင့်အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသောရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက်နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
11:11 အယက်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။ သူတို့အသေကောင်ကိုလည်း ရွံရှာရကြမည်။
11:13 သင်တို့သည် ရွံရှာဖွယ်မှတ်၍ မစားရသောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊
11:14 ဒါဟ၊ စွန်မျိုး၊
11:15 ကျီးမျိုးရှိသမျှ
11:16 ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
11:17 ဇီးကွက်၊ ကြိုးကြာ၊ ဣဗိတ်၊
11:18 ငှက်ကျား၊ ဝံပို၊ ဝံလို၊
11:19 တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
11:20 အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
11:21 သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဖို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊
11:22 အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
11:23 အတောင်ရှိ၍ ခြေလေးချောင်းနှင့်တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
11:24 ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
11:25 ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။
11:26 ခွာမကွဲပြားသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။
11:27 ခွာမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
11:28 သူတို့အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။
11:29 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုး၊
11:30 တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌မစင်ကြယ်ကြ။
11:31 သူတို့အသေကောင်ကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
11:32 ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွေး၊ အိတ်အစရှိသော အသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင်မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက်စင်ကြယ်လိမ့်မည်။
11:33 မြေခွက်တစ်စုံတစ်ခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။
11:34 ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌သောက်စရာရေလည်း မစင်ကြယ်။
11:35 အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ရောက်၍ သင်တို့၌မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။
11:36 သို့ရာတွင် ရေစုဝေးရာစမ်းရေတွင်း၊ တူးသောရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေကောင်ကို ထိမိသောအရာသာ မစင်ကြယ်ရာသို့ရောက်၏။
11:37 ကြဲစရာမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။
11:38 ရေ၌စိမ်ထားပြီးသောမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌မစင်ကြယ်။
11:39 သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဉ့်ဦးတိုင်အောင်မစင်ကြယ်။
11:40 ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။
11:41 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဖွယ်ဖြစ်၍ သင်တို့မစားရ။
11:42 ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမကများသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်တစ်စုံတစ်ခုကိုမျှ မစားရ။ ရွံရှာဖွယ်ဖြစ်၏။
11:43 တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့် သင်တို့သည် ကိုယ်ကိုရွံရှာဖွယ် မဖြစ်စေရ။ ထိုသို့အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။
11:44 ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ်ကိုကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ်မညစ်ညူးစေရကြ။
11:45 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။
11:46 ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှာ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သောတိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှနှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။