2 Corinthians 11
11:1 ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှာ ငါအလိုရှိ၏။ ခဏ သည်းခံကြပါလော့။-
11:2 အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှာ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။-
11:3 မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။-
11:4 သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။
11:5 ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။-
11:6 စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။-
11:7 သင်တို့ကို ချီးမြှောက်ခြင်းငှာ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကို မခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည် အပြစ်ရှိသလော။-
11:8 သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။-
11:9 သင်တို့နှင့်အတူရှိနေ၍ တစ်စုံတစ်ခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ယှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။-
11:10 ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။-
11:11 အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
11:12 အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှာလည်းကောင်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှာလည်းကောင်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။-
11:13 အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။-
11:14 ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။-
11:15 သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြလတ္တံ့။
11:16 တစ်ဖန် ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှာ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။-
11:17 ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။
11:18 လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။-
11:19 သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။-
11:20 သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။-
11:21 ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။-
11:22 သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။-
11:23 သူတို့သည် ခရစ်တော်၏ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။-
11:24 ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။-
11:25 သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။-
11:26 အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။-
11:27 ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။
11:28 ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။-
11:29 ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။-
11:30 ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။-
11:31 ငါသည် မုသားမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။
11:32 ဒမာသက်မြို့၌ အရေတမင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကို ဖမ်းဆီးခြင်းငှာအလိုရှိ၍၊ ဒမာသက်မြို့ကိုစောင့်စဉ်တွင်၊-
11:33 တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။