2 Samuel 11
11:1 အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
11:2 နောက်တစ်နေ့ညဥ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။
11:3 ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
11:4 တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊
11:5 ပဋိသန္ဓေရှိသဖြင့် ဒါဝိဒ်ထံသို့ လူကိုစေလွှတ်၍၊ ကျွန်မ၌ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
11:6 ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူဥရိယကို ငါ့ထံသို့စေလွှတ်ရမည်ဟု မှာလိုက်သည်အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
11:7 ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟု မေးမြန်းပြီးမှ၊
11:8 သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူနောက်မှ ခဲဖွယ်စားဖွယ်ကို ရှင်ဘုရင်ပေးလိုက်လေ၏။
11:9 သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
11:10 ဥရိယသည် မိမိအိမ်သို့မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
11:11 ဥရိယက၊ သေတ္တာတော်နှင့် ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့်ပျော်မွေ့လျက် နေသင့်ပါမည်လော။ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော်မပြုပါဟု ဒါဝိဒ်အားလျှောက်လေ၏။
11:12 ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ငါလွှတ်လိုက်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
11:13 ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌စားသောက်လျက် ယစ်မူးသည်တိုင်အောင် သောက်ရ၏။ သို့သော်လည်း ညဥ့်ဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ကျွန်တို့နှင့်အတူ အိပ်ခြင်းငှာ ထွက်သွားလေ၏။
11:14 နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယလက်တွင် ယွာဘသို့ ပေးလိုက်၏။
11:15 မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာ စစ်တိုက်ရာတပ်ဦး၌ ဥရိယကိုခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ရောက်၍ သေစေခြင်းငှာ တပ်များကိုရုပ်သိမ်းလော့ဟု ပါသတည်း။
11:16 အမိန့်တော်အတိုင်း ယွာဘသည် မြို့ကိုကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကိုခန့်ထားလေ၏။
11:17 မြို့သားတို့သည်ထွက်၍ ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
11:18 ထိုနောက်ယွာဘသည် စစ်သတင်းအလုံးစုံကို ဒါဝိဒ်အားကြားလျှောက်စေခြင်းငှာ လူကိုခေါ်၍၊
11:19 သင်သည် ရှင်ဘုရင်ထံတော်၌ စစ်သတင်းကို အကုန်အစင်ကြားလျှောက်ပြီးလျှင်၊
11:20 ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့်ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
11:21 ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမလက်သေသည် မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ကျွန် ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟု မှာထား၍ စေလွှတ်လေ၏။
11:22 ယွာဘမှာထားသည်အတိုင်း ထိုတမန်သည်သွား၍ ဒါဝိဒ်အားကြားလျှောက်သည်ကား၊
11:23 ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကိုနိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍တိုက်ကြပါ၏။
11:24 လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော်ကျွန်တို့ကိုပစ်၍ ကိုယ်တော်ကျွန်အချို့ သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်းသေပါ၏ဟု လျှောက်လျှင်၊
11:25 ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တစ်ယောက်တစ်လှည့် သေတတ်၏။ အားယူ၍ မြို့ကိုကျပ်တည်းစွာတိုက်လျက် လုပ်ကြံတိုက်ဖျက်ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
11:26 ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက်နေ၏။
11:27 ငိုကြွေးမြည်တမ်းချိန်လွန်မှ၊ ဒါဝိဒ်သည် လူကိုစေလွှတ်၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ရောက်၍ သားယောက်ျားကို ဖွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။