2 Samuel 16
16:1 ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ကျွန် ဇိဘသည် ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ် အပြားတစ်ရာ စပျစ်ရည်ဘူးတစ်လုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။
16:2 ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှာ ဤဥစ္စာကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်းတို့သည် နန်းတော်သားများ စီးဖို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဖို့၊ စပျစ်ရည်သည်လည်း တော၌မောသောသူများသောက်ဖို့ ဖြစ်ပါသည်ဟု လျှောက်၏။
16:3 ရှင်ဘုရင်ကလည်း၊ သင့်သခင်၏သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏နိုင်ငံကို ငါ့အားပြန်ပေးလိမ့်မည်ဟုဆိုကြောင်းကို လျှောက်လေသော်၊
16:4 ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသောဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည် ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော်ခံပါသည်ဟု ပြန်လျှောက်လေ၏။
16:5 ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။
16:6 ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့်ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော်မတ်တော်အပေါင်းတို့သည် လက်ယာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
16:7 ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူအသက်ကို သတ်သောအဓမ္မလူ၊
16:8 ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရသက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌ အပ်တော်မူပြီ။ သင်သည် လူအသက်ကို သတ်သောသူဖြစ်သောကြောင့် ကြည့်ပါ။ အမှုကြီး ရောက်လေပြီဟု ဆို၏။
16:9 ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
16:10 ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု အဘယ်သူဆိုရမည်နည်း ဟူ၍လည်းကောင်း၊
16:11 ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရား မှာထားတော်မူပြီ။
16:12 ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
16:13 ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တစ်ဖက်တစ်ချက်၊ တောင်ခါးပန်းနားမှာ လျှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့်ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
16:14 ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။
16:15 အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ရောက်၍ အဟိသောဖေလလည်း ပါ၏။
16:16 ဒါဝိဒ်၏အဆွေခင်ပွန်း အာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက်တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းချီးပေး၏။
16:17 အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊
16:18 ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍လည်းကောင်း၊
16:19 တစ်ဖန် အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရသည်နည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟူ၍လည်းကောင်း၊ အဗရှလုံအား လျှောက်ဆို၏။
16:20 အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကိုအကြံပေးပါဟု အဟိသောဖေလအားဆိုလျှင်၊
16:21 အဟိသောဖေလက၊ နန်းတော်ကိုစောင့်စေခြင်းငှာ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည် ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသောသူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
16:22 နန်းတော်ပေါ်မှာ အဗရှလုံအဖို့မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်လေ၏။
16:23 ထိုကာလ၌ အဟိသောဖေလပေးသောအကြံသည် ဘုရားသခင့်ထံတော်၌ မေးလျှောက်၍ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ်သတည်း။