2 Kings 11
11:1 အာခဇိ၏မယ်တော် အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
11:2 သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သားယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက်လွတ်စေခြင်းငှာ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
11:3 ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံလေ၏။
11:4 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကိုပြုပြီးမှ၊ ရှင်ဘုရင်၏သားတော်ကို ပြလေ၏။
11:5 ယောယဒကလည်း၊ သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစ်စုသည် နန်းတော်တံခါးကို စောင့်ရမည်။
11:6 တစ်စုသည် သုရတံခါးကို စောင့်ရမည်။ တစ်စုသည် ကင်းနောက်တံခါးကို စောင့်ရမည်။ ထိုသို့ ဗိမာန်တော်ကို မဖြိုမဖျက်စေခြင်းငှာ စောင့်ရမည်။
11:7 ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင်နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
11:8 လူတိုင်း မိမိလက်နက်ကိုကိုင်လျက် ကိုယ်တော်မြတ်ကိုဝိုင်း၍၊ တပ်ထဲသို့ ဝင်သမျှသောသူတို့ကို သတ်ရမည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော်သို့ လိုက်ရမည်ဟု မှာထားလေ၏။
11:9 ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း လူတစ်ရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသောသူနှင့် ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရောဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
11:10 ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများနှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတစ်ရာအုပ်တို့အား အပ်လေ၏။
11:11 စောင့်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်လျက်၊ ရှင်ဘုရင်ကိုဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ယာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် ရပ်ကြ၏။
11:12 ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ဘိသိက်ပေးလျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
11:13 အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသောအသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊
11:14 ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ်လျက် ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။
11:15 ယဇ်ပုရောဟိတ် ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသောသူကို ဓားနှင့်သတ်ကြဟု လူတစ်ရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
11:16 အာသလိကိုဖမ်းဆီးလျက်၊ နန်းတော်သို့သွားသော မြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
11:17 ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တစ်ဖန် ရှင်ဘုရင်နှင့်လူများတို့ကို တစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ဖွဲ့စေ၏။
11:18 ပြည်သူပြည်သားအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို အကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ်မဿန်ကို သတ်ကြ၏။
11:19 ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော်အုပ်များကို ခန့်ထားပြီးမှ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
11:20 နန်းတော်နားမှာ အာသလိကိုသတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တစ်မြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။