Proverbs 12
12:1 နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
12:2 သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။
12:3 လူသည် ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
12:4 သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။
12:5 ဖြောင့်မတ်သောသူ၏အကြံသည် ဖြောင့်၏။ မတရားသောသူပေးသော အကြံမူကား မုသားဖြစ်၏။
12:6 မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။
12:7 မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။
12:8 လူသည် ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင်ပြုခြင်းကို ခံရ၏။
12:9 စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည် သာ၍ကောင်း၏။
12:10 ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။
12:11 မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။
12:12 မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။
12:13 စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက်တတ်၏။
12:14 လူသည် မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်းခံရ၏။
12:15 မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။
12:16 မိုက်သောသူ၏အမျက်ဒေါသသည် ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာအမှုကို ဖုံးတတ်၏။
12:17 မှန်သောစကားကို ပြောသောသူသည် ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသားတရားကို ပြသတတ်၏။
12:18 သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။
12:19 သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသားလျှာမူကား ခဏသာတည်၏။
12:20 မကောင်းသောအကြံကို ကြံသောသူတို့၏စိတ်ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှာ အကြံပေးသောသူတို့၌ကား၊ ဝမ်းမြောက်စရာအကြောင်းရှိ၏။
12:21 တရားသောသူ၌ အမင်္ဂလာ မရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့် ပြည့်ဝရလိမ့်မည်။
12:22 မုသားသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။
12:23 ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။
12:24 လုံ့လဝိရိယပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
12:25 ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။
12:26 ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်းပြတတ်၏။ မတရားသောသူလိုက်သောလမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
12:27 ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဖမ်းရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသောသူ၏ဥစ္စာမူကား၊ အဖိုးထိုက်ပေ၏။
12:28 ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။