Isaiah 11
11:1 ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။
11:2 ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။
11:3 ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊
11:4 ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
11:5 တရားနှင့် သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်လိမ့်မည်။
11:6 တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။
11:7 နွားမနှင့် ဝံမသည် အတူကျက်စား၍၊ သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။
11:8 နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။
11:9 ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
11:10 ထိုကာလ၌ ယေရှဲ၏အမြစ်သည် ပေါက်၍၊ လူများအဖို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တစ်ပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။
11:11 ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကိုဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့ကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တစ်ဖက်၌ ရှိသောပြည်များတို့မှကယ်ယူခြင်းငှာ တစ်ဖန် ပြုတော်မူလိမ့်မည်။
11:12 တစ်ပါးအမျိုးသားတို့အဖို့ အလံကိုထူတော်မူသဖြင့်၊ နှင်ထုတ်သော ဣသရေလအမျိုးသားနှင့်၊ အရပ်ရပ်ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်နှာတို့မှခေါ်၍ စုဝေးစေတော်မူလိမ့်မည်။
11:13 ဧဖရိမ်အမျိုးသည် ငြူစူသောစိတ်ငြိမ်းလိမ့်မည်။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း၊ ရန်ပြေကြလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကိုမငြူစူရ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ။
11:14 သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ဥစ္စာကို အတူလုယူကြလိမ့်မည်။ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။
11:15 ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏လျှာကို ဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော်နှင့်တကွ လက်တော်ကို မြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနစ်သွယ်ဖြစ်စေခြင်းငှာ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။
11:16 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာလမ်းကြီး ဖြစ်ရလိမ့်မည်။