Ezekiel 11
11:1 ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ဘက်သို့မျက်နှာပြုသော ထာဝရဘုရား၏အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ်ငါးယောက် ရှိ၏။ သူတို့တွင် မင်းပြုသောသူ၊ အဇုရသားယာဇညာ၊ ဗေနာယသား ပေလတိတို့ကို ငါမြင်၏။
11:2 ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤသူတို့သည် မကောင်းသောအကြံကိုကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
11:3 သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသားဖြစ်သည်ဟု ဆိုတတ်ကြ၏။
11:4 သို့ဖြစ်၍ အိုလူသား၊ သူတို့တစ်ဖက်၌ ပရောဖက်ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
11:5 ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည်ဟောပြောလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ ကြံစည်သမျှတို့ကို ငါသိ၏။
11:6 သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့် ပြည့်စေကြပြီ။
11:7 ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသားဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲကငါထုတ်မည်။
11:8 သင်တို့သည် ဓားကိုကြောက်သည်ဖြစ်၍၊ ငါသည် ထိုဓားကို သင်တို့အပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11:9 ငါသည် သင်တို့ကို မြို့ထဲကထုတ်ပြီးလျှင်၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
11:10 သင်တို့သည် ဓားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
11:11 ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
11:12 အကြောင်းမူကား၊ သင်တို့သည် ငါ၏တရားလမ်းသို့ မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ပတ်လည်၌ နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကိုလိုက်ကြပြီဟု မိန့်တော်မူ၏။
11:13 ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသား ပေလတိသည် သေ၏။ ငါသည်လည်း ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံးစေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော်၏။
11:14 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
11:15 အချင်းလူသား၊ ယေရုရှလင် မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့အား ဆိုတတ်ကြ၏။
11:16 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တစ်ပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ရောက်သောပြည်တို့၌ ငါသည်သူတို့အဖို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏဖြစ်လိမ့်မည်။
11:17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဖြန့်ကြဲသော လူအမျိုးမျိုးနေရာ အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလပြည်ကို ပေးမည်။
11:18 သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
11:19 ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊
11:20 သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရားလမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
11:21 သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့၏အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သောသူတို့၏အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11:22 ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့် ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
11:23 ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့မှာရှိသော တောင်ပေါ်၌ ရပ်တော်မူ၏။
11:24 ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီးသော ဗျာဒိတ်ရူပါရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
11:25 ထာဝရဘုရား ပြတော်မူခဲ့ပြီးသော အမှုအရာရှိသမျှတို့ကို ငါသည် သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။