Acts 11
11:1 တစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။-
11:2 ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊-
11:3 သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဖော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။-
11:4 ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင်အောင် ဖော်ပြသည်ကား၊-
11:5 ငါသည်ယုပ္ပေမြို့၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သောခြုံထည်ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။-
11:6 ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။-
11:7 ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။-
11:8 ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တစ်ရံတစ်ခါမျှမဝင်ဖူးပါ ဟုပြောဆို၏။-
11:9 နောက်တစ်ဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲက လာပြန်၏။-
11:10 ထိုသို့ သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။-
11:11 ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ်သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။-
11:12 ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည်အကြောင်း ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။-
11:13 ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။-
11:14 ထိုပေတရုသည် သင်မှစ၍ သင်၏အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်းတရားစကားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြားလေ၏။-
11:15 ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။-
11:16 ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။-
11:17 သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည်နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည် အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။-
11:18 ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှာ၊ နောင်တတရားကို တစ်ပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
11:19 ထိုမှတစ်ပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။-
11:20 နောက်မှ ထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။-
11:21 သခင်ဘုရား၏ လက်တော်သည် ထိုသူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
11:22 ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ကြားလျှင်၊ အန္တိအုတ်မြို့တိုင်အောင် သွားစေမည်အကြောင်း ဗာနဗကိုစေလွှတ်လေ၏။-
11:23 ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။-
11:24 ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
11:25 ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။-
11:26 ထိုသူတို့သည် တစ်နှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
11:27 ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့သို့လာကြ၏။-
11:28 ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူတစ်ယောက်သည်ထ၍၊ မြေတစ်ပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတ္တံ့ဟု ဝိညာဉ်တော်အားဖြင့် ဖော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိလက်ထက်၌ ဖြစ်သတည်း။-
11:29 ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမ ပေးလိုက်မည်ဟု၊-
11:30 စီရင်ကြသည်နှင့်အညီ ဗာနဗနှင့် ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။