Deuteronomy 11
11:1 သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထားတော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက်ရမည်။
11:2 သင်၏ ဘုရားသခင်ထာဝရဘုရား ဆုံးမတော်မူခြင်းကိုလည်းကောင်း၊ ဘုန်းအာနုဘော်တော်ကိုလည်းကောင်း၊ အားကြီးသောလက်ရုံး ဆန့်တော်မူခြင်းကိုလည်းကောင်း၊
11:3 ထူးဆန်းသောတန်ခိုးတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူပြည်သားများတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊
11:4 အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေလွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကိုလည်းကောင်း၊
11:5 ဤအရပ်သို့မရောက်မီ၊ တော၌လှည့်လည်စဉ်တွင် သင်တို့အားပြုတော်မူသောအမှုကိုလည်းကောင်း၊
11:6 ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသောဥစ္စာပစ္စည်းများကို၊ ဣသရေလအမျိုးသားတို့အလယ်၌၊ မျိုကြောင်းကိုလည်းကောင်း မသိမမြင်သော သင်တို့၏သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ်ကြလော့။
11:7 ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
11:8 ထိုကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည်အကြောင်း၊
11:9 ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။
11:10 သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11:11 သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊
11:12 သင်တို့၏ ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
11:13 သင်တို့ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
11:14 သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုးရေကို ငါပေးမည်။
11:15 သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့တိရစ္ဆာန်များအဖို့ လွင်ပြင်၌မြက်ပင်ကို ငါပေါက်စေမည်။
11:16 သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍လမ်းမလွဲ၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။
11:17 သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုးမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရားပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
11:18 သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်၊ နှလုံး၌သွင်းထား၍၊ လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရကြမည်။
11:19 ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
11:20 အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
11:21 သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
11:22 သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့်စောင့်ရှောက်လျှင်၊
11:23 ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို အစိုးရကြလိမ့်မည်။
11:24 သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနားတိုင်အောင်လည်းကောင်း၊ မြေတစ်လျှောက်လုံးသည် သင်တို့၏နိုင်ငံအဝင် ဖြစ်လိမ့်မည်။
11:25 သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
11:26 ယနေ့ကောင်းချီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။
11:27 ယနေ့ငါဆင့်ဆိုသော သင်တို့ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းချီးပေးခြင်း၊
11:28 သင်တို့ ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဖူးသော အခြားတစ်ပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။
11:29 သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း တင်ထားရကြမည်။
11:30 ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူသော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့်ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
11:31 သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တစ်ဖက်သို့ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက်နေရကြမည်။
11:32 ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။