Ecclesiastes 8
8:1 မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
8:2 ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
8:3 သူ၏ရှေ့မှောက်မှ အလျင်စလိုမထွက်သွားနှင့်။ မကောင်းသောအမှုဘက်၌ မရပ်တည်နှင့်။ အကြောင်းမူကား သူသည် အရာအားလုံးကိုအလိုရှိသည့်အတိုင်း စီရင်တတ်၏။”
8:4 ရှင်ဘုရင်၏အမိန့်၌ အခွင့်အာဏာရှိ၏။ “သင်ဘာလုပ်နေသနည်း”ဟု သူ့ကိုမည်သူပြောနိုင်သနည်း။
8:5 သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
8:6 လူ့အပေါ်၌ များစွာသောဒုက္ခကျရောက်တတ်သော်လည်း ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်၊ သူ့စီရင်ထုံးရှိ၏။
8:7 အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
8:8 လေ ကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
8:9 ငါသည် နေအောက်တွင်ပြုသမျှသောအမှုအရာကို ဆင်ခြင်နှလုံးသွင်းသောအခါ ဤအရာအားလုံးကို တွေ့မြင်၏။ လူသည် အခြားသောသူကိုစိုးမိုး၍ သူကိုယ်တိုင် ဒုက္ခရောက်ရသောအချိန်ရှိ၏။
8:10 တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
8:11 မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
8:12 အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
8:13 ဆိုးယုတ်သောသူမူကား ဘုရားသခင်၏ရှေ့တော်၌ ကြောက်ရွံ့ခြင်းမရှိသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်မဟုတ်။ သူ၏နေ့ရက်ကာလများသည်လည်း အရိပ်ကဲ့သို့ဖြစ်၍ ရှည်လိမ့်မည်မဟုတ်။
8:14 ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။
8:15 သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
8:16 ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
8:17 ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။