1 Kings 11
11:1 သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
11:2 ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။
11:3 ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
11:4 ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
11:5 ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
11:6 ရှောလမုန်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ဆိုးညစ်သောအမှုကိုပြု၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားချေ။
11:7 ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုး၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
11:8 မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။
11:9 ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။
11:10 ဤသို့ဖြင့် အခြားဘုရားများနောက်သို့မလိုက်ရန် သူ့အား ထာဝရဘုရားမိန့်မှာတော်မူသော်လည်း သူမနာခံခဲ့ပေ။
11:11 ထို့ကြောင့် ထာဝရဘုရားက ရှောလမုန်မင်းကြီးအား “သင်သည် ဤသို့ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်၊ ငါမိန့်မှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းသောကြောင့် စင်စစ် နိုင်ငံတော်ကို သင့်လက်မှရုပ်သိမ်းပြီး သင့်အစေအပါးလက်သို့ ငါအပ်မည်။
11:12 သို့သော် သင့်ခမည်းတော်ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သင့်လက်ထက်တွင် ငါမပြုသေး။ သင့်သားလက်ထက်မှ ငါပြုမည်။
11:13 သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
11:14 ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
11:15 ဧဒုံပြည်၌ ဒါဝိဒ်မင်းကြီးရှိနေခဲ့စဉ်က စစ်ဗိုလ်ချုပ်ယွာဘသည် ကျဆုံးသူများကို သင်္ဂြိုဟ်ရန် ရောက်လာပြီး ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပစ်၏။
11:16 ယွာဘနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပြီးသည်အထိ ဧဒုံပြည်တွင် ခြောက်လတာမျှနေခဲ့၏။
11:17 ထိုစဉ်က ဟာဒဒ်သည် အသက်ငယ်သေး၏။ ဟာဒဒ်သည် ခမည်းတော်၏အမှုထမ်း ဧဒုံအမျိုးသားအချို့နှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးသွားခဲ့၏။
11:18 သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
11:19 ဖာရောမင်းကြီးသည် ဟာဒဒ်ကို အလွန်သဘောကျသဖြင့် မိမိကြင်ရာတော်မိဖုရားတာပနက်၏ညီမနှင့် စုံဖက်ပေး၏။
11:20 တာပနက်၏ညီမသည် သားဂေနုဗတ်ကိုမွေးဖွား၏။ တာပနက်သည် ဂေနုဗတ်ကို ဖာရောမင်းကြီး၏နန်းတွင်းတွင် ကျွေးမွေးပြုစုထားသဖြင့် သူသည် ဖာရောမင်းကြီး၏သားတော်များနှင့်အတူ ဖာရောမင်းကြီး၏နန်းတွင်း၌ နေထိုင်ရလေ၏။
11:21 အီဂျစ်ပြည်၌ရှိသောဟာဒဒ်သည် ဒါဝိဒ်မင်းကြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွားပြီဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ယွာဘလည်း သေဆုံးသွားပြီဖြစ်ကြောင်းကို ကြားသိရသောအခါ ဟာဒဒ်က ဖာရောမင်းကြီးအား “အကျွန်ုပ်၏နေရင်းပြည်သို့ ပြန်သွားခွင့်ပြုပါ”ဟု တောင်းဆိုလေ၏။
11:22 ထိုအခါ ဖာရောမင်းကြီးက သူ့အား “ငါနှင့်နေရသည်မှာ မည်သည့်လိုအပ်ချက်ရှိ၍ ကိုယ့်ပြည်ကိုပြန်ချင်ရသနည်း”ဟု မေးသော်လည်း သူက “ဘာမျှမရှိပါ။ အကျွန်ုပ်ကို ပြန်ခွင့်ပြုပါ”ဟုသာ တောင်းဆို၏။
11:23 ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။
11:24 ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
11:25 ရေဇုန်သည် ဆီးရီးယားပြည်တွင် ကြီးစိုး၏။ အစ္စရေးလူမျိုးတို့ကို ရွံမုန်းသဖြင့် ဟာဒဒ်ကဲ့သို့ အစ္စရေးလူမျိုးတို့ကို ဒုက္ခပေး၍ ရှောလမုန်မင်းကြီးလက်ထက်တစ်လျှောက်လုံး အစ္စရေးလူမျိုးတို့ကို ရန်မူလေ၏။
11:26 ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။
11:27 ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လော ကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
11:28 ယေရောဗောင်သည် လုပ်ရည်ကိုင်ရည်ရှိသူဖြစ်၏။ ရှောလမုန်မင်းကြီးသည် ဤသို့ အလုပ်ကြိုးစားသောထိုလူငယ်ကိုမြင်လျှင် ယောသပ်အမျိုးအနွယ်တို့တာဝန်ယူရသောအလုပ်ဟူသမျှကို ကြီးကြပ်သူအဖြစ်ခွဲခန့်ထား၏။
11:29 တစ်နေ့တွင် ယေရောဗောင်သည် ဂျေရုဆလင်မြို့ပြင်သို့ထွက်လာရာ လမ်းတွင် ဝတ်ရုံအသစ်ဝတ်ဆင်ထားသော ရှိလောမြို့သား၊ ပရောဖက်အဟိယနှင့်ဆုံ၏။ မြို့ပြင်တွင် သူတို့နှစ်ဦးသာရှိနေစဉ်
11:30 အဟိယသည် မိမိကိုယ်ပေါ်မှ ဝတ်ရုံအသစ်ကိုကိုင်၍ တစ်ဆယ့်နှစ်ပိုင်း ဆုတ်ဖြဲပြီးလျှင်
11:31 ယေရောဗောင်အား “ဤအဝတ်စဆယ်ပိုင်းကို သင်ယူထားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ရှောလမုန်မင်းကြီးလက်မှ နိုင်ငံကိုရုပ်သိမ်းပြီး မျိုးနွယ်ဆယ်နွယ်ကို သင့်အားပေးမည်။
11:32 ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် အစ္စရေးမျိုးနွယ်ပိုင်မြို့အားလုံးထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့ကို ထောက်ထားပြီး မျိုးနွယ်တစ်နွယ်ကို သူ့အဖို့ ချန်ထားမည်။
11:33 သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
11:34 သို့သော် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းသော၊ ငါရွေးချယ်သော ငါ့အစေအပါး ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သူ့လက်မှ နိုင်ငံတော်တစ်ခုလုံးကို မရုပ်သိမ်း။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုအုပ်စိုးစေမည်။
11:35 သူ့သားလက်ထက်ရောက်မှ နိုင်ငံတော်ကို ငါရုပ်သိမ်းမည်။ ပြီးလျှင် မျိုးနွယ်ဆယ်နွယ်ကို သင့်အား ငါပေးမည်။
11:36 ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
11:37 သင့်ကို ငါရွေးကောက်မည်။ သင်သည် စိတ်အလိုရှိသည့်အတိုင်းအုပ်စိုး၍ အစ္စရေးလူမျိုးတို့၏ဘုရင်ဖြစ်မည်။
11:38 ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။
11:39 ဤအတွက်ကြောင့် ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်ကို ငါချိုးနှိမ်မည်ဖြစ်သော်လည်း အစဉ်အမြဲပြုမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
11:40 ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
11:41 ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
11:42 ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကိုအုပ်စိုးခဲ့သည့် နှစ်ကာလမှာ နှစ်ပေါင်းလေးဆယ်ဖြစ်၏။
11:43 ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။